"အနီးမှုန် အဝေးမှုန်နှင့်
အမြင်တိမ်းစောင်းမှုများ"
နီးကပ်လွန်းသောအရာကို မြင်ရန်၊ ဝေးလွန်းသောအရာကို မြင်ရန် လူတို့မျက်စေ့က မစွမ်းဆောင်နိုင်ပါ။ သာမန်အခြေအနေတွင် ရှိနေချိန်တွင်ပင် မြင်ရန်ခက်သောမျက်စေ့များသည် အားနည်းချက်ကြောင့်၊ ချွတ်ယွင်းချက်ကြောင့် အသက်အရွယ်ကြောင့် အနီးမှုန် အဝေးမှုန်တို့ ဖြစ်လာကြသည်။ ထိုအခါ မျက်မှန် မှန်ဘီလူးကို အသုံးပြုလာကြသည်။ မျက်စေ့တလုံးချင်း၏ အားနည်းချက်၊ ချွတ်ယွင်းချက်ပေါ်မူတည်ပြီး မည်သို့သော မှန်ဘီလူးပါဝါကို တပ်သင့်သည်ဆိုသည်ကို သတ်မှတ်ခြင်းဖြစ်သည်။ ထိုပါဝါကလည်း အချိန်ကိုလိုက်ပြီး အပြောင်းအလဲရှိနေသည်။ အခြေအနေကိုလိုက်၍ ပါဝါပြောင်းလဲရသည်။
ဤသည်ကား အမြင်အာရုံ၏ ချွတ်ယွင်းချက်ဖြစ်သည်။
သို့သော် လူတယောက်၏အမြင်ကို မိမိကြည့်နေသည့် အရာ၏ အနီးတွင် ရှိနေသော ပစ္စည်းများ၊ ပုံစံများ၊ အရောင်များက လွှမ်းမိုးမှုရှိနေသည်ကို အံ့သြစွာတွေ့ရသည်။ သိပ္ပံပြပွဲတခုတွင် လူအများရှေ့တွင်ပင် အပြာရောင် သုတ်ထားသည့် အပြားငယ်ကို ပြသထားသည်။ ယင်းအနီးတွင် ကပ်လျက် ထားရှိသော အခြားအရောင်ကို လဲလှယ်ခြင်းဖြင့် အဆိုပါအပြာရောင် သုတ်ထားသည့် အပြားငယ်၏ အရောင်လည်း မီးခိုးရောင်သို့ ပြောင်းလဲ သွားသည်။ မျက်လှည့်မဟုတ်ပါ။ အမှန်စင်စစ် အရောင်ပြောင်းလဲသွားခြင်း လည်း မမဟုတ်ဘဲ အမြင်ပြောင်းလဲသွားခြင်းသာ ဖြစ်သည်။ နဘေးမှာရှိသော အရောင်က မိမိ၏အမြင်အာရုံအပေါ် လှည့်ဖျား လွှမ်းမိုးသောကြောင့် ဖြစ်သည်။ ထိုပြပွဲကို သွားရောက်ကြည့်ရှုနေသူ ပရိသတ်များ တအံ့တသြရှိကြသည်။ မိမိအတွက်လည်း ယင်းအံ့သြစရာ အမြင်အာရုံ လှည့်ဖျားမှုမှ ဆက်လက်တွေးတောစရာများ ဖြစ်လာစေသည်။ မိမိတွေ့နေသော အရာများက အရှိအတိုင်း မဟုတ်ကြ ဆိုသည့် အတွေးပင်ဖြစ်၏။